Biz Astro View  > Traditional
Search : Week : Month : Years :          
06/27/2022

နက္ခတ်ဗေဒင် ရထြောင့်ူမင်ကငြ်း (၂၇.၆.၂၀၂၂ မြ ၃.၇.၂၀၂၂ အထိ)


ကောဇာဂြိုဟ်အနေအထား


တနင်္ဂနွေဟာ မေထုန်ရာသီမှာ တည်ပြီး အင်္ဂါက ရာဟုရှိရာ ကသစ်အားရှိတဲ့ မိဿရာသီကို ကူးပြောင်းပြီးတော့ ကုမ်ရာသီက စနေရဲ့အမြင်ကို ခံရမယ်။ ဗုဒ္ဓဟူးနဲ့ သောကြာက သောကြာပိုင် ပြိဿရာသီမှာ အတူတကွ ဆက် ရှိမယ်။ ကြာသပတေးဟာ မိန်ရာသီမှာ ဆက်လက် တည်ရှိနေတယ်။


ဂြိုဟ်အမြင်အယှဉ်နှင့် ဈေးကွက်ခန့်မှန်းချက်


ဒီအပတ်မှာ အင်္ဂါဟာ ရာဟုရှိရာ မိဿရာသီကို ကူးပြောင်းပြီး အင်္ဂါရဲ့သရုပ်သဘာဝအားတွေ အထင်အရှားကို ပြသမယ့် မိဿရာသီမှာ ရပ်တည်လာမှာ ဖြစ်တယ်။ အင်္ဂါ၊ ရာဟု ဂြိုဟ်နှစ်လုံးကို ကုမ်ရာသီမှာ နောက်ပြန်လှည့် သွားလာနေတဲ့ စနေက အမြင်အယှဉ် ရှိနေမယ်။ ဒီဂြိုဟ်ပူးဂြိုဟ်မြင်ဟာ အနိဌာရုံတွေကို ဖြစ်ပေါ်လာစေနိုင်လို့ လူသားအားလုံးအတွက် သွားလာနေထိုင်မှုတိုင်းမှာ သတိထားရတော့မှာ ဖြစ်တယ်။


ကောဇာစနေဟာ ကုမ်ရာသီမှာ အသွားမမှန်ဘဲ နောက်ပြန်လှည့်နေတယ်။ စနေဂြိုဟ် အသွားမမှန်တဲ့ကာလမှာ အစာရေစာ ရှားပါးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်တတ်တယ်လို့ ရှေးနက္ခတ်ကျမ်းတွေမှာ ဖော်ပြထားတယ်။ အခု အင်္ဂါ၊ ရာဟုဂြိုဟ်ပူးပါ ထပ်ဖြစ်လာမှာမို့လို့ ဇူလိုင်၊ သြဂုတ်လတွေမှာ ပိုမို ဂရုစိုက်ရမှာ ဖြစ်တယ်။


ဒီတစ်ပတ်တာ ပဲဈေးကွက်ကို သုံးသပ်ရရင်တော့ ပဲမျိုးစုံဟာ အဝယ်ရှိသလောက် အရောင်းမထွက်နိုင်တော့ဘဲ ဈေးကတော့ လက်ရှိဝန်းကျင်မှာ လည်ပတ်နေမယ်လို့ ခန့်မှန်းရတယ်။ ပဲဈေးက တက်ရိပ်ရှိပေမယ့် သိပ်များများ ဆက်မတက်နိုင်ဘဲ တန့်သွားတတ်တယ်။ ဆန်စပါးကတော့ ဈေးအမြင့်ကနေ အနည်းငယ် ပြန်အေးတတ်တယ်။ ရွှေဈေးဟာ အတက်အကျ မြန်ဆန်လာနိုင်ပြီး တက်ဖို့ များလာမယ်။ ငွေဈေးလည်း ခပ်မာမာ ဖြစ်လာမယ်။


နေ့သားအလိုက်အဟောများ


တနင်္ဂနွေသားသမီးတွေက အလုပ်နဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကျမှုတွေ များလာမယ်။ အလုပ်တွေ တခါတည်း မပြတ်ဘဲ ဟိုကျန်ဒီကျန် ဖြစ်ရတတ်တယ်။ အလုပ်နှစ်မျိုးသုံးမျိုး တွဲလုပ်ရကိန်း ရှိတယ်။ ငွေကြေးအကျိုးအမြတ် နည်းပါးတတ်တယ်။ လူကြီးသူမတွေနဲ့ အမြင်မတူဘဲ အငြင်းအခုံတွေ ဖြစ်ရတတ်တယ်။


တနင်္လာသားသမီးတွေက စိတ်ထဲ အကြံအစည်တွေ များပြီး လက်တွေ့ကျ ဘာမှမလုပ်ဖြစ်ဘဲ တွေဝေနေမယ်။ အလုပ်အကိုင်ကံဇာတာ မဆိုးလှပေမယ့် ကိုယ်တိုင်က စိတ်မပါလက်မပါ ဖြစ်နေတတ်တယ်။ သူများတာဝန်တွေ သူများကိစ္စတွေ ကိုယ့်ခေါင်းပေါ် ကျလာတတ်တယ်။ မနိုင်ဝန်တွေ ထမ်းရသလို ဖြစ်မယ်။


အင်္ဂါသားသမီးတွေက ဒီအပတ်မှာ အလုပ်တွေ မကောင်းဘဲ ဖြစ်နေမယ်။ ရည်မှန်းသလောက် မဖြစ်နိုင်တော့လို့ ထိန်းလုပ်ရမယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ သိပ်မစွန့်စားသင့်သေးဘဲ အခြေအနေကြည့်ရမယ်။ ငွေတွေ မြုပ်နေပြီး ပြန်ဖော်ရ ခက်လိမ့်မယ်။ ငွေအပေးအယူတွေ သတိထားရမယ်။ ငွေကုန်ကြေးကျ များမယ်။


ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ လုပ်ငန်းစီးပွားကိစ္စတွေမှာ အလျင်စလို အလောတကြီး လုပ်မိလို့ မှားတတ်တယ်။ အလုပ်တွေ များပြီး အသည်းအသန် အပြေးအလွှားတွေ လျှောက်လုပ်ရတတ်တယ်။ စပ်တူအကျိုးတူအလုပ်မှာ စိတ်သောကတွေ များရမယ်။ ငွေကြေးကိစ္စတွေလည်း အတိုက်အခံ ဖြစ်နေရလိမ့်မယ်။


ကြာသပတေးသားသမီးတွေက ဒီအပတ်မှာ အလုပ်အကိုင်ကံဇာတာ တိုးတက်လာမယ်။ အရင်အပတ်ကထက် အခြေအနေ ကောင်းမယ်။ လုပ်ငန်းခွင်မှာလည်း အဘက်ဘက်က အရှိန်အဟုန် ရလာမယ်။ ငွေကြေးကိစ္စတွေပါ ကံကောင်းတတ်တယ်။ စိတ်ပူစရာတွေ ရှိပေမယ့် တကယ်တမ်းမှာ သိပ်မညံ့တာ တွေ့ရမယ်။


သောကြာသားသမီးတွေက စီးပွားဖြစ်ငွေဝင်မယ့်လမ်း ရှိမယ်။ အလုပ်တွေလည်း ခါတိုင်းထက် သွက်လာနိုင်ပြီး လုပ်ငန်းချဲ့တာ၊ နယ်ပယ်သစ် စမ်းသပ်တာတွေ ကောင်းလိမ့်မယ်။ အရောင်းအဝယ်တွေ လွယ်ကူချောမွေ့မယ်။ ငွေလည်း များများ ဝင်လာဖို့ ရှိတယ်။ လူမှုရေးကဏ္ဍမှာတော့ သတိထားစရာတွေ ရှိမယ်။


စနေသားသမီးတွေက အလုပ်ကံဇာတာ အားနည်းမယ်။ အကြီးအကဲ၊ ဆရာသမားတွေရဲ့ငြိုငြင်မှုကို ခံရမယ်။ ကိုယ့်အပေါ် အထင်လွဲတာ၊ ဖိအားပေးတာတွေ ခံစားရမယ်။ အလုပ်အတွက်နဲ့ စိတ်ဆင်းရဲပင်ပန်းရတတ်တယ်။ ငွေကြေးကံလည်း ပိတ်နေလို့ အတော်လေး ကြိုးစားရလိမ့်မယ်။ အကုန်အကျ များမယ်။


ဒီအပတ် ရက်ကောင်းရက်မြတ်


တနင်္လာနေ့ဟာ လကွယ်ရက်နဲ့ ပြဿဒါးဆုံလို့ ရှောင်ရမယ့်ရက် ဖြစ်တယ်။ အင်္ဂါနေ့ဟာ ပြဿဒါးရက် ဖြစ်သလို မဟာရက်ကြမ်းနဲ့ပါ ဆုံလို့ ရှောင်ရမယ်။ ဗုဒ္ဓဟူးနေ့ဟာ အမြိတ္တစုတ်နဲ့ ရက်ရာဇာ ဆုံနေလို့ အကောင်းဆုံးရက် ဖြစ်တယ်။ ကြာသပတေးနဲ့ သောကြာနေ့တွေဟာ သာမန်ရက်တွေ ဖြစ်ပြီး စနေနေ့ကတော့ အမြိတ္တစုတ်ရက် ဖြစ်လို့ ရက်ကောင်းတယ်။ တနင်္ဂနွေနေ့ဟာ ရက်ရာဇာနေ့ကောင်း ဖြစ်တယ်။