Biz Astro View  > Traditional
Search : Week : Month : Years :          
12/04/2023

နက္ခတ်ဗေဒင် ရှုထောင့်မြင်ကွင်း (၄.၁၂.၂၀၂၃ မှ ၁၀.၁၂.၂၀၂၃ အထိ)


ကောဇာဂြိုဟ်အနေအထား


တနင်္ဂနွေက ဗြိစ္ဆာရာသီမှာ ရာသီသခင် အင်္ဂါနဲ့အတူ ပူးယှဉ်နေပြီး မိန်ရာသီက ရာဟုနဲ့ ကုမ်ရာသီက စနေက ဆက်သွယ်မြင်ယှဉ်ထားတယ်။ ဗုဒဟူးကလည်း ဓနုရာသီမှာ တည်နေပြီး ကြာသပတေးက မိဿရာသီမှာ ဆက်ရှိနေတယ်။ သောကြာက တူရာသီမှာ မိဿရာသီက ကြာသပတေးနဲ့ အပြန်အလှန် ဆက်သွယ်နေတယ်။


ဂြိုဟ်အမြင်အယှဉ်နှင့် ဈေးကွက်ခန့်မှန်းချက်


မကြာသေးခင်က ကောဇာအင်္ဂါဟာ ဗြိစ္ဆာရာသီမှာ ရပ်တည်လာပြီး စနေနဲ့ အပြန်အလှန်သဘော ဆက်သွယ်မှု ဖြစ်လာတဲ့အပြင် ရာဟုရဲ့အမြင်ကိုပါ ရရှိထားလို့ နှစ်ကုန်ပိုင်းအထိ ဘယ်သူမဆို အစစအရာရာ သတိနဲ့ယှဉ်ပြီး နေထိုင်ဖြတ်သန်းရမှာ ဖြစ်တယ်။ မြန်မာအပါအဝင် ကမ္ဘာနဲ့အဝန်းမှာ သဘာဝဘေးနဲ့ မတည်ငြိမ်မှုအမျိုးမျိုးက အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာနိုင်လို့ စီးပွားရေးပိုင်းမှာလည်း နှိုင်းနှိုင်းချိန်ချိန် လုပ်ကိုင်ဆောင်ရွက်သင့်တယ်။

ဒီအပတ် ပဲမျိုးစုံဈေးကွက်က အတက်အကျ မငြိမ်မသက်တွေ ဆက်ဖြစ်နိုင်ပြီး ဈေးကတော့ သိပ်မကောင်းဘဲ ဖြစ်နေမယ်။ ဆန်စပါးက ဈေးအမြင့်ကို လှမ်းလာနိုင်ပေမယ့် တက်ဈေးမှာ အရောင်းများလို့ ဈေးပြန်အေးတာမျိုး ဖြစ်တတ်တယ်။ ရွှေဈေးက နည်းနည်းတက်လိုက်၊ ပြန်ငြိမ်လိုက် ဖြစ်တတ်ပြီး ငွေဈေးက အနည်းငယ် တက်ရိပ် ဖြစ်ပေါ်လာနိုင်တယ်။


နေ့သားအလိုက်အဟောများ


တနင်္ဂနွေသားသမီးတွေက အလုပ်စီးပွားကံ မှေးမှိန်တတ်ပြီး ကိုယ့်ရဲ့အကြံအစည်၊ ရည်ရွယ်ချက်တွေကလည်း သဲထဲရေသွန်သလို ဖြစ်တတ်တယ်။ အလုပ်တွေ အရမ်း များလာတတ်ပေမယ့် ကိုယ့်အတွက် သိပ်မကျန်ဘဲနဲ့ လူရောစိတ်ပါ ပင်ပန်းရတတ်တယ်။ အနှောင့်အယှက်လည်း ပေါ်မယ်။


တနင်္လာသားသမီးတွေက မကြာခဏ စိတ်ရှုပ်ရ၊ ပူပန်ရတာတွေ ခံစားရမယ်။ ကိုယ့်အကြောင်းကိစ္စတွေထက် သူများကိစ္စတွေနဲ့ အချိန်ကုန်လူပန်းရတာ များမယ်။ အလုပ်အကိုင်ကံလေး ကောင်းပေမယ့် လူကြီးသူမတွေ၊ အာဏာပိုင်တွေနဲ့ အဆင်မပြေ ဖြစ်မယ်။ ငွေရခါနီး စိတ်ညစ်ရလိမ့်မယ်။


အင်္ဂါသားသမီးတွေက အလုပ်အကိုင်ကံဇာတာ ကောင်းမယ့်သီတင်းပတ် ဖြစ်တယ်။ လုပ်ငန်းကနေ ဝင်ငွေတွေ တိုးလာတတ်ပြီး နာမည်ကောင်းရတာ၊ ချီးမြှောက်ခံရတာတွေလည်း ဖြစ်မယ်။ အကြီးအကဲတွေက နေရာပေး၊ မျက်နှာသာပေးမယ်။ ငွေကြေးစီးပွားကံတွေ ပွင့်လန်းလာတတ်တယ်။


ဗုဒ္ဓဟူးသားသမီးတွေက ဒီအပတ်မှာ အဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။ သတင်းကောင်းတွေလည်း ကြားရတတ်တယ်။ စောင့်မျှော်နေတဲ့လာဘ်လာဘတွေ ဝင်မယ်။ ငွေဝင်ပေမယ့် စိတ်ညစ်ပြီးမှ ရတတ်တယ်။ အလုပ်စီးပွား အကောင်းအဆိုး ယှဉ်နေမယ်။ စပ်တူကိစ္စ ပျက်နိုင်တယ်။


ကြာသပတေးသားသမီးတွေက အလုပ်တစ်ခုမက ပေါ်လာတတ်တယ်။ လုပ်လက်စတွေ၊ မပြီးမပြတ်တွေချည်း ဖြစ်နေပြီး လုပ်ငန်းနဲ့ ပတ်သက်လို့ အားမလိုအားမရတွေလည်း ဖြစ်မယ်။ စဉ်းစားဆုံးဖြတ်တာတွေ မှားယွင်းပြီး ထိခိုက်နစ်နာတတ်တယ်။ ငြိမ်ငြိမ်လေး နေရမယ့်ကာလမျိုး ဖြစ်တယ်။


သောကြာသားသမီးတွေက ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလိုတွေ ဖြစ်မယ်။ တစ်နေရာတည်း အထိုင်မကျဘဲ ဟိုဒီသွားလာလှုပ်ရှားရတတ်တယ်။ အလုပ်ကံလေး ကောင်းပေမယ့် ကိုယ်တိုင်က စိတ်များပြီး အာရုံမစိုက်နိုင် ဖြစ်မယ်။ သတင်းမှား၊ ကောလာဟလကြောင့် စိတ်ညစ်ရတတ်တယ်။


စနေသားသမီးတွေက ငွေဝင်ကိန်း ရှိပေမယ့် အလုပ်ကိစ္စတွေမှာတော့ အတော်လေး ပင်ပန်းရုန်းကန်နေရမယ်။ အလုပ်တွေက အရင်လို လုပ်လို့ မရဘဲ နည်းလမ်းသစ် ရှာဖွေရတတ်တယ်။ ငွေတွေ မြုပ်နေပြီး ပြန်ဖော်ရတာ ခက်နေမယ်။ မိတ်ကောင်းဆွေကောင်းတွေက ကူညီမစကိန်း ရှိတယ်။

ဒီအပတ် ရက်ကောင်းရက်မြတ်

တနင်္လာနေ့က သာမန်ရက် ဖြစ်ပြီး အင်္ဂါနေ့က ပြဿဒါးနဲ့ ဝါရမိတ္တုကြီးတွေ ဆုံလို့ ရှောင်ရမယ်။ ဗုဒဟူးနေ့က မနက်ပိုင်း ရက်ရာဇာ ဖြစ်ပြီး မွန်းလွဲရင် ပြဿဒါး ဖြစ်သလို ဝါရမိတ္တုငယ်လည်း ဖြစ်လို့ မင်္ဂလာ၊ အခါပေးတွေ ရှောင်သင့်တယ်။ ကြာသပတေး၊ သောကြာနဲ့ စနေနေ့တွေက အဆိုးအကောင်း မထင်ရှားတဲ့ သာမန်ရက်တွေ ဖြစ်ပြီး တနင်္ဂနွေနေ့က ရက်ရာဇာနေ့ကောင်း ဖြစ်တယ်။